ကြယ်ကြွေညတိုင်းဆုတောင်းမိ

Wednesday, July 14, 2010 Posted In Edit This 0 Comments »

ကြယ်ကြွေညတိုင်းဆုတောင်းမိ

စောင့်မျှော်နေမိတယ်...
မင်းနဲ့အတူလက်ချင်းယှက်
စိတ်ချင်းဆက်လို့
ခရီးဆက်ရမဲ့နေ့လေးတွေကို...

စောင့်မျှော်နေမိတယ်...
ပျော်ရွှင်မှုတွေနဲ့အတူ
ဒို့ဆီအရောက်
မင်းပြန်ရောက်လာမယ့်နေ့လေးကို...

စောင့်မျှော်နေမိတယ်...
အလွမ်းပန်းတွေ ကြွေလွင့်
အနမ်းပန်းတွေ ဝေဆာမယ့်
နေ့လေးတွေကို...

စောင့်မျှော်နေမိတယ်...
ဒို့သိပ်မျှော်လင့်တောင့်တနေရ
ကြယ်ကြွေညတိုင်းဆုတောင်းနေမိခဲ့
အနားမင်းရှိမဲ့အချိန်လေးကို...

စောင့်မျှော်နေမိတယ်...
ငါ့လက်ကလေးကို...
နွေးထွေးစွာဆုပ်ကိုင်လို့
စိတ်ချင်း ဆက်
ပခုံးချင်း မှေးယှက်လို့
အနမ်းပန်းလေးတွေ
ဝေဆာဖူးပွင့်မယ့် နေ့လေးတစ်နေ့ကို...

တစ်ခါတစ်လေ...
တိတ်တိတ်လေး စိတ်ကူးပျော်မြူးနေရ
မင်းနဲ့အတူ ကြည်နှုးခွင့်ရမယ့်
ကြယ်ကြွေညရဲ့ ရင်ခုန်သံလေးတွေကို...

ချစ်သူရေ...
ဒို့တွေဘယ်လောက်ပင်ဝေးနေနေ
နိုင်ငံတွေ ရေမြေတွေခြားနေပါစေ
ဒို့နှစ်ယောက်ရဲ့နှလုံးသားလေးတွေက
အမြဲနီးနေတယ်နော်...

ငါယုံကြည်နေတယ်...
သစ္စာရှိစွာနဲ့စောင့်မျှော်နေမယ်
မင်းနဲ့အတူ မဆုံမချင်းပေါ့...

တစ်နေ့နေ့တော့...
ငါ့စိတ်ကူးအိပ်မက်တွေကို
မင်းအကောင်ထည်ဖော်ပေးနိုင်လိမ့်မယ်လို့
အကြွင်းမဲ့ငါယုံကြည်နေပါတယ်...

ငါမျှော်လင့် ရူးသွပ်
တောင့်တနေခဲ့ရတဲ့
ရင်ခုန်သံတွေနဲ့ တိတ်ဆိတ်
အနမ်းပန်းလေးတွေ နိုးထလာမယ့်
ကြယ်ကြွေညရဲ့ ရင်ခုန်သံလေးကို
မင်းဖြည့်ဆည်းပေးမှဖြစ်မှာမို့
ကြယ်ကြွေညတိုင်း ဆုတောင်နေမယ်
ချစ်သူ...

(Anonymous)

အလွမ်း

Wednesday, July 07, 2010 Posted In Edit This 0 Comments »
အလွမ်း

သိပ်ချစ်တယ်ကွယ်
အို......မေရယ်တဲ့
ဖွဲ့နွဲ့စကား
မင်းလေပြောကြား
မုသားများနဲ့
လှည့်ဖျားလိမ်ညာ
မင်းပစ်ခွာတော့
မေ့ရင်ထဲမှာ
အမြဲတမ်းသာ
လွမ်းရတယ်။

(Anonymous)

ကွဲကြေသွားသောနှလုံးသား

Friday, July 02, 2010 Posted In Edit This 1 Comment »
အိပ်မက်တစ်ခု ကြေပျက်သွားရုံနှင့် ဘ၀တစ်ခုလုံး ပျက်သုဉ်းပြီမဆိုပါနှင့်။ သင့်နှလုံးသား ကွဲကြေသွားပြီဟု သင်ခံစားနေရမည်ကို သိပါ၏။ သို့သော် အသည်းနှလုံးဟူသည် မည်မျှပြင်းထန်သော ဒဏ်ရာဒဏ်ချက်ကိုဆိုစေ ကုစားရှင်သန်နိုင်စမြဲသာ ဖြစ်ပါသည်။

သည်တစ်ကြိမ်မျှနှင့်ဘ၀သည် ပြီးဆုံးသွားသည်မဟုတ်ပါ။ သင့်အတွက် နေ့ရက်သစ်တွေ ဆက်၍လာပါဦးမည်။ သည်နေ့ရက်များနှင့်အတူ ပါလာမည့်မျှော်လင့်မှု အားတက်ရွှင်လန်းမှုများဖြင့် သင့်နှလုံးသားသည် ပြန်လည်လန်းဆန်းလာမည်သာ ဖြစ်သည်။

စိတ်ပျက်အားလျော့နေဆဲ ကြေကွဲမှုဝေဒန ခံစားနေရဆဲ အချိန်၌မှု အနာဂတ်ကာလ ဘ၀တစ်လျောက် ပြုံးရွှင်နိုင်စရာမရှိတော့ပြီဟု သင်ခံစားထင်မြင်မိမည် အမှန်ပင်ဖြစ်၏။ သို့သော် အချိန်ကာလဆေးသမားသည် သင့်ဝေဒနာကို ကုစားပေးရုံမက သင့်အား ဝေဒနာပေးခဲ့သော အကြောင်းခြင်းရာကိုပါ အဓိပ္ပာယ်အနက်သစ်ဖွင့်လှစ်၍ ပေးလိမ့်မည်။ နောက်ဆုံးတော့ အရာရာသည်သင့်အတွက် ကောင်းကျိုးဖြစ်လာပေမည်။ နစ်နာမှုအတွက် အချိန်တန်လျှင် အတိုးရင်းပွား ပြန်လည်ခံစားရသည်ဆိုတာ သင်သိမြင်ခွင့် ရပေမည်။

ဆုံးရှုံးသွားသော နှလုံးသည်းပွတ်အတွက် ကျရသောမျက်ရည်စများကို ဆက်လက်ဖက်တွယ်မထားပဲ ဘ၀၏သရုပ်သကန်ကို အမှန်အတိုင်း သုံးသပ်လက်ခံနိုင်မည်ဆိုက သင့်ဘ၀၏ရှေ့ခရီးလမ်း တစ်နေရာ၌ ငံ့လင့်စောင့်ကြိုနေမည့် ပို၍ကြီးမားသော ချမ်းသာသုခကို သင်မုချတွေ့ရလိမ့်မည်။ အိပ်မက်တစ်ခုလုံး ဆုံးရှုံးခဲ့တာတော့ အမှန်ပင်။ သို့သော် မျက်ရည်ပေါက်တို့ ကျသင့်သလောက် ကျခဲ့ပြီးဖြစ်လျှင် နောက်ကြောင်းပြန်ငဲ့နေသော ဦးခေါင်းကိုရှေ့သို့ ပြန်လှည့်ပါလေ။

အတိတ်ကိုကုန်လွန်ခွင့်ပေးနိုင်လျှင် ကြေကွဲခြင်းနေရာ၌ ခွင့်လွတ်ခြင်း မေ့လျော့ခြင်းများ အစားထိုးနေရာယူခွင့် ပေးနိုင်လျှင် ဘ၀အသစ်တစ်ခု အစပြု၍ရပေပြီ။ နှလုံးသားဆိုသည်မှာ နူးညံ့သိမ်မွေ့သလောက် ခံနိုင်ရည်လည်းရှိလှသည့် ကိုယ်င်္အဂါတစ်ခုသာပင်။